ကွန်မြူနတီဒိုင်း ချန်ပီယံ ခရစ္စတယ်ပဲလေ့စ် ဂိုးသမား ဒင်းန် ဟန်ဒါဆန် ကတော့ သူ့ အနေနဲ့ ဖိအားပေးခံရတဲ့ အခိုက်အတန့်တွေကို နှစ်သက်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒင်းန် ဟန်ဒါဆန် ကတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာရော၊ ကွန်မြူနတီဒိုင်း မှာပါ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ပြီး ခရစ္စတယ်ပဲလေ့စ်ကို ချန်ပီယံ ဖြစ်စေခဲ့သူလည်း ဖြစ်ပါတယ်။
ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာလည်း မန်စီးတီး တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ရဲ့ ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့တာကြောင့် ပဲလေ့စ် ကလည်း ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဟန်ဒါဆန်ဟာ မနေ့က ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲရဲ့ ပယ်နယ်တီ အဆုံးအဖြတ်မှာ အလက်ဆစ် မက် အယ်လစ္စတာနဲ့ ဟာဗေး အဲလီယော့တ် တို့ရဲ့ ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့ပြီး ပဲလေ့စ် ကလည်း သမိုင်း မှတ်တမ်းသစ် တစ်ခု ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် အတွက် နောက်ထပ် တစ်ကြိမ် သူရဲကောင်း ဖြစ်ခဲ့တဲ့ ဒင်းန် ဟန်ဒါဆန်က TNT Sportsနဲ့ ပွဲအပြီး အင်တာဗျူးမှာ သူ့အသင်းရဲ့ ခံနိုင်ရည်ရှိမှုနဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ၊ စည်းကမ်းပိုင်း တို့ကို အခုလိုပဲ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ “ဒီခံစားချက်တွေက အံ့မခန်းပါပဲ။ သူတို့ ၂-၁ နဲ့ ဦးဆောင်နေချိန် ကျွန်တော်တို့ ပွဲက ထွက်ရမယ်လို့ ခင်ဗျားတို့ တွေးခဲ့မိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ရုန်းထွက်နိုင်ခဲ့ပါတယ်။ မန်နေဂျာက ကျွန်တော်တို့ ဒုတိယပိုင်းမှာ အခွင့်အရေးတွေ ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် တို့က အဲဒါကို အမှီပြုပြီး ကောင်းကောင်း ကာကွယ်နိုင်ခဲ့ပြီး နောက်ဆုံး မှာတော့ အဲဒါကို ရဖို့ ထိုက်တန်ခဲ့ပါတယ်။” လို့ ဟန်ဒါဆန်က ဆိုပါတယ်။

ဝင်ဘလေမှာ အံ့အားသင့်စရာ စံချိန်တွေ တင်နိုင်ခဲ့ခြင်းနဲ့ ပတ်သတ်ပြီး မေးမြန်းတဲ့အခါမှာတော့ ဟန်ဒါဆန်က “ကျွန်တော် ကြီးမားတဲ့ အခိုက်အတန့်တွေ၊ ဖိအားများတဲ့ အခိုက်အတန့်တွေကို နှစ်သက် သဘောကျပါတယ်။ ပယ်နယ်တီမှာ ကောင်းမွန်စွာ စွမ်းဆောနိုင်အောင် ကျွန်တော်တို့ အိမ်စာလုပ်ခဲ့ပါတယ်။ သူတိုက မယုံနိုင်စရာ ကစားသမားတွေနဲ့ ထိပ်သီး အသင်းကြီး ဖြစ်ပေမယ့် ကျွန်တော်တို့ ၃ လ အတွင်းမှာ ဆုဖလား နှစ်လုံး ရယူနိုင်ခဲ့တာက မယုံနိုင်စရာပါပဲ။ ဒါကြောင့် နောက်ကွယ် ကနေ ကူညီပေးခဲ့တဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ် ကတော့ ပြီးခဲ့တဲ့ မေလမှာ သူတို့ အတွက် သမိုင်းတစ်လျှောက် အဓိက ဆုဖလား ဖြစ်တဲ့ အက်ဖ်အေဖလားကို ရယူနိုင်ခဲ့သလို ကွန်မြူနတီဒိုင်းမှာလည်း ပထမဦးဆုံး အကြိမ် အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ လန်ဒန် ကလပ် ပဲလေ့စ်ဟာ နည်းပြ အိုလီဗာ ဂလက်စ်နာ လက်ထက်မှာ ဆက်တိုက် ပုံစံကောင်းတွေ ရရှိနေပြီး ၈၅ ရက် အတွင်း ဆုဖလား နှစ်လုံး ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ စိတ်မကောင်းစရာက ခရစ္စတယ်ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ ရာသီက အက်ဖ်အေဖလားမှာ ဗိုလ်စွဲခဲ့တာကြောင့် ယူရိုပါလိဂ် ဝင်ခွင့် ရရှိခဲ့ပေမယ့် လိုင်ယိုင်နဲ့ အသင်း ပိုင်ရှင်တူနေတဲ့ ပြဿနာကြောင့် ယူရိုပါကွန့်ဖရင့်လိဂ်ကို ဆင်းကစားရမှာ ဖြစ်ပါတယ်။ လက်ရှိ လူစာရင်း စုဖွဲ့မှုနဲ့ နည်းပြ အိုလီဗာ ဂလက်စ်နာရဲ့ ထိရောက်တဲ့ နည်းဗျူဟာတွေကြောင့် ပဲလေ့စ်ဟာ လာမယ့် ရာသီ အတွက် စောင့်ကြည့်ချင်စရာ အသင်း တစ်သင်း အဖြစ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ မနေ့က ကွန်မြူနတီဒိုင်း ပွဲမှာ ဆိုရင် ပဲလေ့စ်ဟာ လစ်ဗာပူးလ်ထက် ပိုပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေတောင် ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.