ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ သူတို့ ခေါ်ယူချင်နေတဲ့ ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ မနေ့ကပဲ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ ဒါကြောင့် ယိုကီးရက်စ်ဟာ ဒီနွေရာသီ အာဆင်နယ်ရဲ့ ပဥ္စမမြောက် ကစားသမား ခေါ်ယူမှု ဖြစ်လာတော့မှာပါ။
အသက် ၂၇ နှစ် အရွယ် ယိုကီးရက်စ်ဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုသွားမှာလည်း ဖြစ်ပါတယ်။ ယိုကီးရက်စ်ရဲ့ ပြောင်းရွှေ့ကြေးက ကနဦး ယူရို ၆၃.၅ သန်း+အပိုဆုကြေး ယူရို ၁၀ သန်းလို့ သိရပြီး ကစားသမားရဲ့ အေးဂျင့် ဖြစ်သူဟာ အပြောင်းအရွှေ့ အထမြောက်ဖို့ သူ့ရဲ့ ကော်မရှင်ခကို လျှော့ယူခဲ့ကြောင်းလည်း သိရပါတယ်။
ယိုကီးရက်စ်ဟာ စင်ကာပူကို တိုက်ရိုက် လာရောက်ပြီး ဆေးစစ်မှု ခံယူသွားမှာ ဖြစ်ပြီး တပြိုင်နက်တည်း မိတ်ဆက်သွားနိုင်ခြေလည်း ရှိနေပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ခရစ္စသီယန် မော့စ်ကီယာနဲ့ ဗစ်တာ ယိုကီးရက်စ်တို့ နှစ်ဦးစလုံး လာမယ့် အေစီမီလန်နဲ့ ပွဲကို မှီမှာ မဟုတ်ပဲ တနင်္ဂနွေနေ့မှာ ကစားမယ့် နယူးကာဆယ်နဲ့ ပွဲကိုတော့ မှီနိုင်ခြေ ရှိနေပါတယ်။
ယိုကီးရက်စ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ကိုဗင်ထရီ ကနေ စပို့တင်းလစ္စဘွန်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပွဲပေါင်း ၁၀၂ ပွဲမှာ ၉၇ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး စပို့တင်းလစ္စဘွန်း ကိုလည်း အမှတ်ပေးဖလား ၂ ရာသီဆက် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့် ပေါ်တူဂီ ကလပ် ဘက်က သူတို့ရဲ့ ကစားသမားကို အလွယ်တကူ ရောင်းထုတ်လိုခြင်း မရှိပဲ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အလိုရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ ယိုကီးရက်စ်ကို ခေါ်ယူနိုင်ဖို့ အတွက် စပို့တင်းလစ္စဘွန်းနဲ့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ရပြီး ပေါ်တူဂီ ကလပ် ဘက်က တောင်းဆိုမှုတွေကို တတ်နိုင်သမျှ ညှိနှိုင်းပေးခဲ့ရပါတယ်။

ဒီရက်ပိုင်း အတွင်း အာဆင်နယ်က ယိုကီးရက်စ်ကို ခေါ်ယူနိုင်ဖို့ ရာနှုန်းပြည့်နီးပါး သေချာလာခဲ့ပေမယ့် ကောလာဟလ တချို့ကြောင့် ပရိသတ်တွေ အနေနဲ့ စိတ်ပူပန်ခဲ့ရပါသေးတယ်။ ဒါ့အပြင် အာဆင်နယ်တို့ ယိုကီးရက်စ်ရဲ့ အပြောင်းအရွှေ့ အတွက် Here We Go မဖြစ်ခင်မှာ စူပါအေးဂျင့် ဂျော့ဂျ် မန်းဒက်စ်က မန်ချက်စတာယူနိုက်တက် အတွက် ကြားဝင် ညှိနှိုင်းပေးခဲ့သေးမယ့် ကစားသမား ကတော့ အာဆင်နယ်မှ အာဆင်နယ် ဖြစ်နေတာကြောင့် ရလဒ်ကတော့ မပြောင်းလဲခဲ့ပါဘူး။
အာဆင်နယ် ကလည်း မနှစ်က ဂျော့ဂျ် မန်းဒက်စ်ကို အားကိုးပြီး ယိုကီးရက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့် အထမမြှောက်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒီနှစ် မှာတော့ ယိုကီးရက်စ်ရဲ့ အေးဂျင့်နဲ့ အာဆင်နယ် အားကစား ဒါရိုက်တာသစ် အန်ဒရီယာ ဘာတာတို့ အကြား တိုက်ရိုက် ဆွေးနွေးချိန်မှာတော့ အဆင်ပြေသွားခဲ့တာ ဖြစ်ပါတယ်။
ဒီလို အာဆင်နယ် ကစားသမားသစ် ဖြစ်လာတော့မယ့် ဆွီဒင်သားနဲ့ ပတ်သတ်ပြီးတော့လည်း ပေါ်တူဂီ ဝါရင့်နည်းပြကြီး ဟိုဆေး မော်ရင်ညိုက သူ့ရဲ့ အမြင်ကို အခုလိုပဲ ပြောကြားခဲ့ပါသေးတယ်။ “ယိုကီးရက်စ်က တကယ့်ကို ကောင်းမွန်တဲ့ ကစားသမား တစ်ဦးပါ။ ဒီအပေါ်မှာ သံသယ ဖြစ်စရာ မရှိပါဘူး။ အလားအလာကောင်းတွေ ကိုလည်း ပိုင်ဆိုင်ထားသူပါ။ စပို့တင်းလစ္စဘွန်းရဲ့ ကစားဟန်ဟာ သူနဲ့ အံဝင်ခွင်ကျ ဖြစ်ခဲ့ပါတယ်။ အခု ပရီးမီးယားလိဂ်မှာ သူ့အနေနဲ့ ပိုကောင်းတဲ့ အသင်းတွေ၊ ကစားသမားတွေနဲ့ ရင်ဆိုင် ကစားရတော့မှာပါ။ သေချာတာကတော့ သူဟာ တကယ် ကောင်းတဲ့ ကစားသမား တစ်ဦးပါ။” လို့ မော်ရင်ညိုက ဆိုပါတယ်။ ဒါ့အပြင် နာမည်ကျော် နယ်သာလန် ကစားသမားဟောင်းကြီး ရာဖေးလ် ဗန်ဒါဗတ် ကလည်း ဗစ်တာ ယိုကီးရက်စ်ဟာ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းထက် ပိုမို ကောင်းမွန်ကြောင်း ချီးကျူးထားခဲ့ပါသေးတယ်။ ကဲ ဒီတော့ အာဆင်နယ် ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်လာမယ့် ဗစ်တာ ယိုကီးရက်စ် တစ်ယောက် သူ့ရဲ့ သွင်းဂိုးတွေနဲ့ အသင်း အတွက် ဘယ်လောက်အထိ အကျိုးပြုနိုင်မလဲ ဆိုတာ စောင့်ကြည့်ရဖို့ပဲ ရှိတော့ကြောင်…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.