အလက်ဇန္တား အိဆက်ခ် ကတော့ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ် အတွက် ပထမဦးဆုံး ဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက် ပခုံးပေါ်မှာ ရှိနေတဲ့ ဖိအားတွေကို ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဆွီဒင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီက နယူးကာဆယ် ကနေ လစ်ဗာပူးလ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ဝေဖန် ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။
အသက် ၂၆ နှစ် အရွယ် အလက်ဇန္တား အိဆက်ခ်ဟာ ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ခရာဘောင်ဖလား ပွဲစဉ်မှာ လစ်ဗာပူးလ် ကစားသမား ဘဝ ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့ပြီး ဖြစ်ပေမယ့် ပရီးမီးယားလိဂ် သွင်းဂိုး ကတော့ အခုတစ်ပတ် ဝက်စ်ဟမ်းနဲ့ ပွဲမှ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်က မနေ့ညက ဝက်စ်ဟမ်းနဲ့ ပွဲမှာတော့ ကစားပုံ အရမ်းအကောင်းကြီး မဟုတ်ပေမယ့် ရှုံးပွဲဆက်နေမှုကို ရပ်တန့်ကာ တန်ကြေးကြီးသလောက် ခြေစွမ်းပျောက်နေတဲ့ ကစားသမားတွေလည်း ယုံကြည်မှု ပြန်ရခဲ့တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။
ဂိုးပေါက် ပြန်တွေ့ခဲ့တဲ့ အိဆက်ခ်က ပွဲအပြီး မှာတော့ “ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ အဝေးကြီး လိုနေသေးတယ် ဆိုပေမယ့် ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက် ကျေနပ်မိပါတယ်။ ဒီနေ့ အတွက် အကောင်းဆုံး ခံစားမှု ကတော့ အသင်း အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က တိုက်စစ်မှူး တစ်ယောက် ဖြစ်တာကြောင့်တော့ ဂိုးတွေ အမြဲတမ်း သွင်းနိုင်ဖို့ လိုအပ်ပါတယ်။” လို့ ဆိုပါတယ်။

ဒီပွဲမှာ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်က စွမ်းဆောင်ရည် ကျဆင်းနေတဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာကို အရန်ခုံ ပို့ခဲ့ပါတယ်။ ဒါဟာ ဆလော့တ် အနေနဲ့ လစ်ဗာပူးလ်ကို ကိုင်တွယ်ခဲ့တဲ့ သက်တမ်း အတွင်း ပရီးမီးယားလိဂ်မှာ ဆာလာကို ပထမဆုံး အနားပေးတဲ့ ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် အာနေး ဆလော့တ်က မိုဟာမက် ဆာလာဟာ လစ်ဗာပူးလ်ရဲ့ အလွန် အရေးပါတဲ့ ကစားသမား အဖြစ် ဆက်ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆလော့တ်က “မိုဟာ ဒီကလပ်မှာ မယုံနိုင်စရာ ကစားသမား ဘဝ တစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး ဒီကလပ်မှာ အလွန် ကောင်းမွန်တဲ့ အနာဂတ် တစ်ခု ရှိနေမှာပါ။ ဘာလို့လဲ ဆိုတော့ သူက အရမ်းပဲ ထူးခြားတဲ့ ကစားသမား တစ်ယောက် ဖြစ်လို့ပါ။ ၁၀ ရက် အတွင်း ၄ ပွဲ ကစားပြီး ကျွန်တော်တို့ အတွက် ပွဲထွက်နိုင်တဲ့ ၁၄-၁၅ ယောက်ပဲ ရှိတယ်။ တစ်ခါတစ်ရံမှာ လူစာရင်း တစ်ခုကို ရွေးချယ်ရပြီး ပွဲတိုင်း အတွက် အကောင်းဆုံး လူစာရင်းကို ရွေးချယ်နိုင်ဖို့ ကြိုးစားရပါတယ်။ မိုဟာ ဒီကလပ် အတွက် အရမ်း အရေးကြီးပြီး အနာဂတ် မှာလည်း ဒီကလပ်အတွက် အရေးပါလာမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ ဒီနိုင်ပွဲကြောင့် ရမှတ် ၂၁ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ၈ နေရာမှာ ရပ်တည်နေပါတယ်။ တစ်ဖက်က ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ပြန်တွေ့ခဲ့ရပြီး တန်းဆင်းဇုန်ရဲ့ အထက်မှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


