မနေ့က ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ်ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ ၁-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ရူဘင် အမော်ရင်ရဲ့ အသင်းဟာ ခြေစွမ်းပိုင်း အားရစရာ သိပ်မကောင်းခဲ့ပေမဲ့လည်း အိမ်ကွင်း ကစားပုံကောင်းတဲ့ ပဲလေ့စ်ကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်လည် ရှာတွေသွားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ယူနိုက်တက်က အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲတုန်းကလိုပဲ ပထမပိုင်းမှာ ကစားပုံက ဆိုးရွားခဲ့ပြီး ဂျင်းန် ဖိလစ်ပ် မက်တေးတားရဲ့ ပယ်နယ်တီ သွင်းဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ သရဲနီတို့ဟာ ပထမပိုင်း ၁၀ မိနစ်လောက်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖရီးကစ် ကန်ချက် ကနေ ကက်စ်မဲရိုး ခေါင်းတိုက်ချက် ကောင်းမွန်ခဲ့ပေမယ့် ဘေးထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ အဲဒီတစ်ကြိမ်သာ ယူနိုက်တက်တို့ ခရစ္စတယ်ပဲလေ့စ် ဂိုးပေါက်ကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် ကတော့ ပထမပိုင်းမှာပဲ ကစားပုံ ကောင်းခဲ့ပြီး အဆုံးသတ်တွေသာ ပိုင်နိုင်ခဲ့ရင် ၃-၀ လောက်နဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ မက်တေးတား ဆိုရင် ဟက်ထရစ်တောင် ရနိုင်တဲ့ အခြေအနေပါ။ ပဲလေ့စ် အတွက် ဦးဆောင်ဂိုး ကိုတော့ ပထမပိုင်း ၃၆ မိနစ်မှာ မက်တေးတားက ပင်နယ်တီက တဆင့် သွင်းယူပေးခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ကန်သွင်းခဲ့ရပါတယ်။ မက်တေးတားဟာ ပင်နယ်တီ ကန်သွင်းရာမှာ ဘောလုံးကို ၂ ချက် ထိခဲ့တာကြောင့် ပြန်ကန်ခဲ့ရတာ ဖြစ်ပြီး အရင်က ပယ်နယ်တီ ကန်တဲ့သူက ဘောလုံးကို ၂ ချက်ထိရင် ဂိုးမပေးပေမဲ့ ဒီရာသီမှာမှ အဲဒီစည်းမျဉ်း အပြောင်းအလဲ ဖြစ်သွားလို့ ပဲလေ့စ်တို့ ကံကောင်းခဲ့တာပါ။
ယူနိုက်တက်ရဲ့ အစောပိုင်း ဆိုးရွားတဲ့ ကစားပုံဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးပွဲတွေ့ဖို့ နီးစပ်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၅၄ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖရီးကစ် ကနေ ဇစ်ခ်ဇီးက ဘောလုံးကို ရင်ဘတ်နဲ့ တစ်ချက် ထိန်းပြီးတော့ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဇစ်ခ်ဇီး အနေနဲ့ ၂၀၂၄ ဒီဇင်ဘာလတုန်းက အဲဗာတန်နဲ့ပွဲ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ တဖန် ဂိုးပေါက် ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇစ်ခ်ဇီးဟာ ပရီးမီးယားလိဂ် ၂၄ ပွဲ အထိ ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းနဲ့ ၃၆၄ ရက်ကြာ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ပွဲချိန် ၆၃ မိနစ်မှာလည်း ဖရီးကစ် ကနေပဲ ဘရူနို ဖာနန်ဒက်စ် ပေးပို့တာကို မေဆန် မောင့်က ကန်သွင်းခဲ့တာကြောင့် ယူနိုက်တက်တို့ အရေးပါတဲ့ အနိုင်ဂိုး ရခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၅၆ ကြိမ် အထိ ရှိလာပြီ ဖြစ်တာကြောင့် ယူနိုက်တက် ဂန္ထဝင် ပေါလ်စခိုးလ်ရဲ့ စံချိန်ထက် ၁ ကြိမ် ပိုများသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်ထက် ဂိုးဖန်တီးမှု ပိုများတာဆိုလို့ ဒေးဗစ်ဘက်ခမ် (အကြိမ် ၈၀) ၊ ဝိန်း ရွန်နီ (၉၃ ကြိမ်)နဲ့ ရိုင်ယန် ဂစ် (၁၆၂ ကြိမ်) တို့သာ ရှိတော့တာ ဖြစ်ပါတယ်။
နောက်ထပ် အချက်အလက်တွေအရ ယူနိုက်တက်ဟာ လန်ဒန် ကလပ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၂၇ ပွဲမှာ အခုပွဲ အပါအဝင် စုစုပေါင်း ၄ ပွဲသာ အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၄ ဒီဇင်ဘာလ အတွင်း မန်စီးတီးကို အနိုင်ရပြီး နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲရဲ့ ပထမပိုင်းအပြီးမှာ ၁-၀ ဂိုးနဲ့ရှုံးနိမ့်ပြီးမှ နိုင်ပွဲရခဲ့တာက အခုက ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်ကွင်းမှာ ၂၀၂၀ ဇူလိုင်လ နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုရှုံးပွဲကြောင့် ခရစ္စတယ်ပဲလေ့စ်ဟာ ပရီးမီးယားလိဂ် အိမ်ကွင်း ရှုံးပွဲ မရှိ ပွဲဆက် အများဆုံး စံချိန်က ၁၂ ပွဲမှာတင်ပဲ ရပ်တန့်သွားခဲ့ရပါတယ်။
ဒီနိုင်ပွဲကြောင့် မန်ချက်စတာယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၇ နေရာ အထိ တက်လှမ်းလာခဲ့ပြီးတော့ ပဲလေ့စ် ကတေ့ အဆင့် ၉ နေရာကို ဆင်းပေးခဲ့ရပါတယ်။ ယူနိုက်တက်ဟာ လာမယ့် ပွဲစဉ် အဖြစ် ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး ပဲလေ့စ် ကတော့ ဘန်လေကို တက်ဖ်မောမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


