လစ်ဗာပူးလ် အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ် ကတော့ ကွန်မြူနတီဒိုင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့လို့ စိတ်ပျက်လျက်ရှိနေပါတယ်။ ဒါကြောင့် ဗန်ဒိုက်ခ်က ဒီအရှုံးဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ ကာကွယ်ရေး ခရီးအတွက် စိတ်ပျက်စရာကောင်းတဲ့ တာထွက်တစ်ခု ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် နယ်သာလန်သားက လစ်ဗာပူးလ် အနေနဲ့ တိုက်စစ် ကစားသမားတွေ ထပ်မံ ခေါ်ယူသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါသေးတယ်။
ကြိုးကြာနီတွေဟာ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲမှာ ကစားသမားသစ်တွေ ဖြစ်တဲ့ ဟူဂို အစ်ကီတီကီနဲ့ ဂျရယ်မီ ဖရင်ပေါင် တို့ရဲ့ သွင်းဂိုးတွေနဲ့ ပဲလေ့စ်ကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ခံစစ်ပိုင်းရဲ့ အမှားတွေကြောင့် ချေပဂိုးတွေ ပြန်ပေးလိုက်ရပြီး ၂-၂ သရေကျနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီ မှာတော့ လစ်ဗာပူးလ်က ဆာလာ၊ မက်အယ်လစ္စတာ၊ အဲလီယော့တ်တို့ ဂိုးမဝင်ခဲ့ခြင်းနဲ့ အတူ ၃-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သတ်လို့ ဗန်ဒိုက်ခ်က “ဒီနေ့ပွဲမှာ ကျွန်တော်တို့ ရှုံးခဲ့တဲ့ အတွက် ဒါက အဖွင့်မလှခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ တစ်ပွဲချင်းစီ ကိုပဲ အာရုံစိုက်ပြီး ရှေ့ဆက်သွားရမှာပါ။ ဒါက ကျွန်တော်တို့ အမြဲတမ်းထားရှိတဲ့ စိတ်ဓာတ်ပါပဲ။ ပြိုင်ပွဲအားလုံးမှာ အလွန် ပြင်းထန်တဲ့ ရာသီ တစ်ခု ဖြစ်လာပါလိမ့်မယ်။ ကျွန်တော် တို့ရဲ့ အရည်အသွေးတွေကို ပြသနိုင်ဖို အဆင်သင့် ရှိနေရပါမယ်။” လို့ ESPN ကို ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဗန်ဒိုက်ခ်က “ဒီပွဲမှာ ကောင်းတဲ့ အချက်တွေ ရှိခဲ့သလို ကျွန်တော်တို့ ပြုပြင် ပြောင်းလဲရမယ့် အရာတွေ ကြိုးစား လုပ်ဆောင်ရမယ့်အရာတွေ အများကြီး ရှိနေတယ် ဆိုတာ မြင်သာခဲ့ပါတယ်။ အခု ကျွန်တော် တို့ရဲ့ အစီအစဉ်က ဒါပါပဲ။ ဒီပွဲကို အနိုင်ရချင်ခဲ့တာပေါ့။ ဒါက ဗိုလ်လုပွဲ တစ်ပွဲ ဖလား တစ်လုံး အတွက် ကစားရတာကို ရှုံးခဲ့တာ ဆိုတော့ စိတ်ပျက်စရာပဲလေ။” လို့ ဆိုပါတယ်။
လစ်ဗာပူးလ်ဟာ ၁၉၈၄ ခုနှစ် နောက်ပိုင်း ဒုတိယအကြိမ်မြောက် အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ကလော့ပ် လက်ထက်မှာတုန်းက ဒီလို အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ဖူးပေမယ့် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဗန်ဒိုက်ခ်က အသင်းရဲ့ ရလဒ် အတွက် စိတ်ပျက်နေခဲ့ပေမယ့် အသင်းဖော် အသစ်တွေရဲ့ ခြေစွမ်းနဲ့ အသင်းမှာ အချိန်တို အတွင်း အသားကျနေမှု အပေါ် မှာတော့ ကျေနပ်နေပါတယ်။ ဗန်ဒိုက်ခ်က “ရောက်လာတဲ့ ကစားသမားတွေက အသင်း အတွက် အရည်အသွေးတွေ ယူဆောင်လာပေးပါတယ်။ ထွက်ခွာသွားတဲ့ ကစားသမားတွေ ကိုလည်း သူတို့ရဲ့ နောက်ထပ် စွန့်စားခန်းတွေ အတွက် ဆုတောင်းပေးပါတယ်။ ဘောလုံးဆိုတာ ဒီလိုပါပဲ။ ကျွန်တော့် အမြင်မှာတော့ ကစားသမားသစ် အားလုံး အတော်လေး အသားကျနေကြပါပြီ။ ကလပ် အသင်းသစ်ကို ရောက်လာရင် ကိုယ်ဘာလဲ ဆိုတာ ချက်ချင်း ပြသနိုင်ဖို့နဲ့ ကြိုဆိုခံရတယ် ဆိုပြီး ခံစားရဖို့ အရေးကြီးပါတယ်။ ကောင်လေးတွေ အနေနဲ့ အဲ့ဒီလို ခံစားနေရမယ်လို့ ထင်ပါတယ်။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
နောက်ဆုံး မှာတော့ ဗန်ဒိုက်ခ်က “ကျွန်တော်တို့ ဒါဝင် (နူညက်ဇ်) ကို ဆုံးရှုံးခဲ့ရပါတယ်။ သူက ဆော်ဒီကို ထွက်ခွာသွားပါတယ်။ လူးဝစ္စ ဒီးယက်ဇ် ကိုလည်း ဆုံးရှုံးထားပါသေးတယ်။ သူက ဘေယန်ကို ထွက်ခွာသွားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုက်စစ်ကစားသမား တစ်ဦးလောက် အားဖြည့်သင့်တယ်လို့ ထင်ပါတယ်။” လို့ ပြောကြားခဲ့သွားခဲ့ပါတယ်။
ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ အာနေး ဆလော့တ် ကတော့ သူ့ရဲ့ အသင်းဟာ လုံလောက်တာထက် ပိုတဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားတယ်လို့ ထင်မြင်ကြောင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် တို့ရဲ့ တိုက်စစ် အရည်အသွေးက အနိုင်ရဖို လုံလောက်တာထက် ပိုတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ပဲလေ့စ်ကို ၂ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက အိမ်ကွင်းရော အဝေးကွင်းမှာပါ ၁ ဂိုးစီပဲ သွင်းနိုင်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော့် အမြင်ကတော့ တိုက်စစ်အတွက် ပူပန်စရာမရှိပါဘူး။ ဒါပေမယ့် ရာသီကြိုကာလမှာ ပေးခဲ့ရတဲ့ ဂိုးအရေအတွက် ကတော့ ကျွန်တော် တိုရဲ့ အဆင့်အတန်း မဟုတ်ပါဘူး။” လို့ ဆလော့တ်က ပြောကြားခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ ရာသီကြိုကာလမှာ ကွန်မြူနတီဒိုင်း အပါအဝင် ၇ ပွဲ ကစားခဲ့ပြီး ပေးဂိုး ၁၁ ဂိုး ရှိခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် ဘုန်းမောက်နဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.