ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဆီနီဂေါနဲ့ မိုရိုကို တို့ရဲ့ အာဖရိကဖလား ဗိုလ်လုပွဲ ကတော့ ဒရမ်မာတွေ များခဲ့ပြီး ဆီနီဂေါက ပိပ် ဂူရီရဲ့ အချိန်ပို အနိုင်ဂိုးနဲ့ အတူ ဗိုလ်စွဲသွားခဲ့ပါတယ်။ ဆီနီဂေါဟာ အာဖရိကနိုင်ငံများဖလား နောက်ဆုံး ၃ ကြိမ် အတွင်း ဒုတိယအကြိမ်မြောက် ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဆီနီဂေါ အတွက်ရော၊ မော်ရိုကို အတွက်ပါ လွယ်ကူတဲ့ ပွဲစဉ် မဟုတ်ခဲ့ပဲ အနည်းငယ်လည်း ရုပ်ဆိုးအကျဉ်းတန်တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ်။
အာဖရိကရဲ့ လက်ရှိ ထိပ်သီး အသင်းကြီး နှစ်သင်း ဖြစ်တဲ့ မော်ရိုကိုနဲ့ ဆီနီဂေါ တို့ဟာ ပြိုင်ပွဲ သမိုင်းတလျှောက် ပထမဆုံးအကြိမ် အဖြစ် ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။ အိမ်ရှင် မော်ရိုကိုဟာ ၁၉၇၆ ခုနှစ် နောက်ပိုင်း နှစ်ပေါင်း ၅၀ နီးပါး ဝေးကွာနေတဲ့ အာဖရိကဖလားကို အရယူနိုင်ဖို့ အနီးစပ်ဆုံးထိ ရောက်ခဲ့ပေမယ့် လွဲချော်ခဲ့ရတာလည်း ဖြစ်ပါတယ်။
အာဖရိကသားတွေ ယှဉ်ပြိုင်တဲ့ ပွဲစဉ် ဖြစ်တာနဲ့ အညီ နှစ်သင်းစလုံး ကြံ့ခိုင်မှုကို အသာပေးပြီး ကြမ်းတမ်းတဲ့ ဖျတ်ထုတ်မှုတွေနဲ့ အတူ ပွဲကို ချဉ်းကပ်ခဲ့ပါတယ်။ အကောင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်ခဲ့ကြကာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ကြပေမယ့် ဆာဒီယို မာနေး ဦးဆောင်တဲ့ ဆီနီဂေါက ခြေစွမ်းပိုင်းမှာ အနည်းငယ် ပိုသာခဲ့ပါတယ်။ မန်ဒီနဲ့ ဘိုနိုတို့ လက်စွမ်းချင်း ယှဉ်ခဲ့ရတဲ့ ပွဲလည်း ဖြစ်ခဲ့ရပြီး တစ်ပွဲလုံး ပရိသတ်တွေ အကြိုက် ရသ အပြည့်အဝ ပေးစွမ်းနိုင်ခဲ့ကြပါတယ်။
အာဖရိကဖလားရဲ့ ထုံးစံအတိုင်း ထိတာနဲ့ ညိမယ်။ အငြင်းပွားဖွယ် ကိစ္စတွေ များမယ် ဆိုတဲ့ အတိုင်း ပွဲရဲ့ Tempo က နာကျင် အချိန်ပိုမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၉၂ မိနစ်မှာ အစ္စမိုင်လာ ဆားက အနီးကပ် ခေါင်းတိုက်ပြီးတော့ ဂိုးသွင်းခဲ့ပေမယ့် အဲဒီမတိုင်ခင် ဆီနီဂေါ ကစားသမား အဗ္ဗဒူလာ ရီဆက်က မော်ရိုကို အသင်းခေါင်းဆောင် ဟာကီမီကို ဆွဲလှဲခဲ့တဲ့ အတွက် VAR ပြန်ကြည့်ပြီး ကွင်းလယ်ဒိုင်က ဂိုးမပေးခဲ့ပါဘူး။ အဲဒီနောက် မိုရိုကိုက သူတို့ နှစ်ပေါင်း ၅၀ ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် အပိုင်အခွင့်အရေး အဖြစ် ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့သလို ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်က ပွဲကို တော်တော်လေး ဆူသွားစေခဲ့ပါတယ်။ ဆီနီဂေါ အသင်းသားတွေရဲ့ စောဒကတက်မှုတွေ အပြင်၊ ပရိသတ် တချို့ကပါ အရာဝတ္တုတွေနဲ့ ပစ်ပေါက်ရင်း ကွင်းထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပြီး လုံခြုံရေးအဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ်တွေပါ ဖြစ်ခဲ့ပါတယ်။
ပွဲကို နာရီဝက်နီးပါး ရပ်ဆိုင်းထားခဲ့ရပြီး ဆီနီဂေါ နည်းပြက သူ့ရဲ့ အသင်းသားတွေကို ကွင်းထဲ ကနေ ထွက်လာခဲ့ဖို့ ညွန်ကြားခဲ့တာကြောင့် ပွဲပျက်မလို အထိပါ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီနေရာမှာ ချီးကျူးရမှာက ဆီနီဂေါ အသင်းခေါင်းဆောင် ဆာဒီယို မာနေး ဖြစ်ပြီး သူ့ရဲ့ အသင်းသားတွေကို ပြန်ကစားဖို့ ဖြောင်းဖျခဲ့ပြီး ကွင်းထဲ ပြန်ခေါ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ရပ်နားထားတဲ့ ပွဲက မော်ရိုကိုရဲ့ ပယ်နယ်တီနဲ့ ပြန်လည် စတင်ခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ ဘရာဟင်မ် ဒီးယက်ဇ်က ပင်နယ်ကာ ကန်ချက်နဲ့ ကန်သွင်းရာမှာတော့ မသေသပ်တဲ့ ကန်ချက်ကြောင့် အက်ဒ်ဝက်ဒ် မန်ဒီ အသာအယာပဲ ဖမ်းမိခဲ့ပါတယ်။ ဒီးယက်ဇ် အတွက်တော့ မော်ရိုကို အတွက် သူရဲကောင်း ဖြစ်ဖို့ လက်တစ်ကမ်း အလိုကို ရောက်ပြီးမှ အခုလို ဖျက်စီးမိခဲ့လို့ တော်တော်လေး စိတ်မကောင်း ဖြစ်သွားမှာ သေချာပါတယ်။
နောက်ထပ် အချိန်ပို မိနစ် ၃၀ ဆက် ကစားရာ မှာတော့ ဗီလာရီးရဲလ် ကစားသမား ပိပ် ဂူရီက မဖြစ်နိုင်လောက်တဲ့ အနေအထား၊ ဂိုးသမား မျက်ကွယ်နေရာ ကနေ ဂိုးရဲ့ အပေါ်ထောင့်ထဲ ကန်သွင်းကာ ဆီနီဂေါ အတွက် အဖိုးတန် အနိုင်ဂိုးကို ရယူသွားခဲ့ပါတယ်။ ဆီနီဂေါဟာ သမိုင်းတလျှောက် ဒုတိယအကြိမ်မြောက် အာဖရိကဖလားကို ကိုင်မြှောက်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ ဆီနီဂေါက ခြေစမ်းပွဲတွေမှာ မိုရိုကို ကို ၂ ပွဲစလုံး ရှုံးခဲ့ဖူးသလို ၂၀၂၅ တုန်းက ဆီမီးဖိုင်နယ်တုန်း ကလည်း ပင်နယ်တီနဲ့ ရှုံးခဲ့ဖူးတာကြောင့် အခုတခါမှာတော့ အဲဒီ ရှုံးကြွေးတွေကို မာနေးတို့ အုပ်စုက လှလှပပ ပြန်ဆပ်သွားခဲ့တာ ဖြစ်ပါတယ်။
ပင်နယ်တီ လွဲခဲ့တဲ့ မော်ရိုကို တိုက်စစ်ကစားသမား ဘရာဟင်မ် ဒီးယက်ဇ်ဟာ ဗိုလ်လုပွဲ မတိုင်ခင် ပြီးခဲ့တဲ့ ၆ ပွဲမှာ ၅ ဂိုး အထိ သွင်းထားခဲ့သူပါ။ သူ့အနေနဲ့ အခုပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့မယ် ဆိုရင် အာဖရိကဖလား ပြိုင်ပွဲ တစ်ခုအတွင်း မတူညီတဲ့ပွဲစဉ် ၆ ပွဲမှာ ၅ ဂိုး သွင်းတဲ့ ပထမဆုံး ကစားသမား အဖြစ် စံချိန်တင်နိုင်မှာ ဖြစ်ပေမယ့် အဲဒီ အခွင့်အရေးကောင်းကို လွဲချော်ခဲ့ပါတယ်။ အခုတစ်ခေါက် ဗိုလ်လုပွဲ ပြီးရင် လက်ရွေးစင် အသင်း ကနေ အနားယူတော့မယ့် ဆီနီဂေါ အသင်းခေါင်းဆောင် ဆာဒီယို မာနေး ကတော့ သူ့ရဲ့ နောက်ဆုံးပွဲကို အာဖရိကဖလားနဲ့ အတူ အလှပဆုံး နှုတ်ဆက်သွားနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


